Monday, January 18, 2010

“အဆင်သင့်ဖြစ်ပြီလား၊ ရထားထွက်ပြီ”

ဒီဆောင်းပါးကို ရေးဖို့ စဉ်းစားနေတုန်း ငယ်ငယ်က အဖေ့စာအုပ်စင်မှာ ဖတ်ဖူးတဲ့ နာမည် မမှတ်မိတော့တဲ့ အရှေ့အာရှ ကာတွန်း ဆရာတစ်ယောက်ရဲ့ တကွက်ကာတွန်းလေးကို ဖျတ်ကနဲ ပြေးမြင်မိတယ်။ အဲဒီတစ်ကွက် ကာတွန်းကနေ ပေးချင်တဲ့ Message က ကွန်မြူနစ်တွေ ကျောက်ဂူထဲမှာထိုင်ပြီး ဆွေးနွေး ငြင်းခုံကြချိန်မှာ အရင်းရှင်တွေက ဓာတ်ရထားကြီးစီးပြီး သူတို့ဘေးက အကျိုးစီးပွားရှာ ဖြတ်မောင်းသွားတဲ့ ကာတွန်းလေးပါ။ အာဘောင်အာရင်းသန်သန်နဲ့ ငြင်းခုံနေကြတဲ့ ကွန်မြူနစ်တွေ သိတောင်သိပုံမရဘူးဆိုတဲ့ အဓိပ္ပာယ်နဲ့ ကာတွန်းဆရာက ရေးဆွဲထားတာလို့ ကျွန်တော့်ကို အဖေက ရှင်းပြဖူးတယ်။
အခုလည်း မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေး၊ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ရွှေဂုံတိုင် ကြေညာချက် အစရှိသဖြင့် ကျွန်တော်တို့ နိုင်ငံရေးအင်အားစု အသီးသီးက သဘောထား ကြေညာချက်တွေ၊ ကန့်ကွက်မှုတွေနဲ့ ဆွေးနွေး ငြင်းခုံရင်း အချိန်ကုန်နေတုန်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နိုင်ငံတကာ ဖိအားနဲ့ ပြည်တွင်းတောင်းဆိုချက် အမျိုးမျိုးကို ဆွေမျိုးပေါက်ဖော် တရုတ်ပြည်ရဲ့ အားနဲ့ အကာအကွယ်ယူ အဖြေရှာလိုက်ပြီ ဖြစ်တယ်။ ကျွန်တော်တို့ နိုင်ငံရေး အင်အားစုတွေ အာဘောင်အာရင်းသန်နေချိန်မှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုအားကို ယူပြီး ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂါတ်လားရာကို တရုတ်ပြည်ဘက်ကို ဦးတည်ပြီး ရွေ့ခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ရွေးချယ်မှုကို ကျွန်တော်တို့ရဲ့ နိုင်ငံရေး အင်အားစုများ ထဲထဲဝင်ဝင် သတိပြုမိပုံမရဘူးလို့ ယူဆမိလို့ ဒီဆောင်းပါးကို ရေးဖြစ်ခဲ့တယ်။ သိခဲ့ရင်လည်း သာမန်အသိနဲ့တင် သိတာဖြစ်ပြီး ကျွန်တော်တို့ရဲ့ အနာဂါတ် ကံကြမ္မာဟာ ဆွေမျိုးပေါက်ဖော်တွေရဲ့ လက်ထဲရောက်တော့မယ်ဆိုတဲ့ အထိတော့ အလေးဂရု မပြုမိကြသေးဘူးလို့ ဆိုလိုချင်တာပါ။

တရုတ်ရဲ့ မဟာဗျူဟာ
ပြီးခဲ့တဲ့ရက်က တရုတ် အနာဂါတ် ခေါင်းဆောင် ဒုတိယ သမ္မတရဲ့ အာရှခရီးစဉ်မှာ မြန်မာပြည်ကိုလည်း ရောက်လာခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ နေပြည်တော်မှာတွေ့တော့ တရုတ် ဒုသမ္မတက မြန်မာပြည်အတွက် တရုတ်ကနေ ဒေါ်လာ ဘီလီယံ (၂၀၀) ချေးငွေပေးဖို့ ကမ်းလှမ်းတယ်။ ဒါကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၂၀၁၀ အလွန်ဖြစ်ပေါ်လာမယ့် အစိုးရကသာ စဉ်းစား ဆုံးဖြတ်လိမ့်မယ်လို့ ပြန်ပြောခဲ့ကြောင်း သိရတယ်။ ဒါကို လေ့လာကြည့်တဲ့အခါ မြန်မာနိုင်ငံကို ပထဝီနိုင်ငံရေးဘက်က ကြည့်ရင်ဖြစ်စေ၊ နိုင်ငံရေးနဲ့ ဘောဂဗေဒ အဆက်အစပ်က ကြည့်ရင်ဖြစ်စေ၊ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်ကပဲကြည့်ကြည့် တရုတ်အနေနဲ့ မြန်မာနိုင်ငံရဲ့ Liberalization နဲ့ Democratization ကို သူ့ရဲ့ National Interest နဲ့ ယှဉ်ပြီး အလေးထားတယ်။ မြန်မာနိုင်ငံကို ဖြတ်ပြီး တည်ဆောက်နေတဲ့ တရုတ်ရဲ့ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွေ၊ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ မြန်မာ့တွင်းထွက် သယံဇာတများအပေါ် ဝါးမျိုမှုလောက်ကိုသာ လက်ရှိနိုင်ငံရေးသမားနဲ့ မီဒီယာတွေက ပြောနေခြင်း ဖြစ်တယ်။ တကယ်တော့ တရုတ်ရဲ့ မဟာဗျူဟာက လက်ရှိရင်းနှီးမြှုပ်နှံမှုတွေအပြင် ချေးငွေဒေါ်လာ ဘီလီယံ (၂၀၀) ထုတ်ချေးပြီး စီးပွားရေးအရ နယ်ချဲ့ကိုလိုနီ လက်သစ်လုပ်ဖို့ စိုင်းပြင်းနေပြီဆိုတာပဲ ဖြစ်တယ်။ နိုင်ငံရေးအရ ပိတ်မိနေတဲ့ လက်ရှိအစိုးရအပေါ် ချေးငွေအကူအညီတွေပေးပြီး အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အတိုက်အခံတွေရဲ့ ဖိအားပေး တောင်းဆိုမှုကို ထွက်ပေါက်ရအောင် ရပ်တည်ပေးမယ်။ အဲဒီကမှ တဆင့် စီးပွားရေးအရ ဝါးမျိုပြီး နိုင်ငံတစ်ခုလုံးကို Chinese – lization လုပ်ငန်းပဲ ဖြစ်တယ်။ ချေးငွေဆိုတာ IMF ၊ World Bank ကပဲချေးချေး၊ တရုတ်ဆီကပဲချေးချေး အဲဒီချေးငွေရဲ့နောက်ကွယ်မှာ နှောင်ကြိုးတွေနဲ့ လိုက်နာရမယ့် နည်းလမ်းတွေ အမြဲပါလေ့ရှိတယ်။ တရုတ်ချေးငွေရဲ့ နောက်ကွယ်နှောင်ကြိုးက သူလိုချင်တဲ့ စီးပွားရေး အခွင့်အလမ်းတွေကို တစ်ခုပြီးတစ်ခု ဖွင့်ပေးရမယ်ဆိုတာပဲ ဖြစ်တယ်။

နိုင်ငံတကာရဲ့ဖိအား
လက်ရှိမြန်မာ့အရေးမှာ အမေရိကန် ၊ UN ၊ ဥရောပသမဂ္ဂ နှင့် အာဆီယံဆိုပြီး ရပ်တည်ချက် အမျိုးမျိုးနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ တရားမျှတမှုရှိရေး၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးတွေ တွေ့ဆုံဆွေးနွေးရေး အစရှိသဖြင့် လက်ရှိအစိုးရကို ဖိအားမျိုးစုံနဲ့ ဝိုင်းဝန်းတောင်းဆိုနေကြတယ်။ အဲဒီအထဲမှာ အမေရိကန် အစိုးရရဲ့ ချဉ်းကပ်မှုပုံစံအသစ်ကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ လက်ရှိအစိုးရအတွက် အထူးစိတ်လှုပ်ရှားဖွယ် ဖြစ်ခဲ့သလို ကိုယ့်အစီအစဉ်အတိုင်း အလျော့ပေးလို့မရတဲ့ အခြေအနေနဲ့ ဘေးကျပ်နံကျပ် ဖြစ်လာနေတာ တွေ့ရတယ်။ အိမ်နီးချင်းတွေနဲ့ အာဆီယံက အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုများရှိသော်လည်း နိုင်ငံတကာ အသိုင်းအဝန်းရဲ့ လိုလားမှုထက် ဒေသတွင်း တည်ငြိမ်ရေးကိုသာ ဦးစားပေးကျင့်သုံးနေကြတာ တွေ့ရတယ်။ ဒီအချိန်မှာ အမေရိကန်က လက်ရှိမြန်မာအစိုးရရဲ့ ဆက်ဆံရေး တိုးတက်မှု မရှိခဲ့ရင် မြန်မာနဲ့ အဆက်အသွယ်လုပ်ထားတဲ့ စင်္ကာပူက ADB Bank Account တွေကို ဖွင့်ခွင့်မပေးတော့ပဲ စတင်ပိတ်ပင်လိုက်ခြင်းနှင့် သူ့ရဲ့ရပ်တည်ချက်ကို ပြသလိုက်တယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ လက်ရှိမြန်မာအစိုးရဟာ အခုလို နိုင်ငံတကာ ဖိအားတွေကြောင့် အသက်ရှူကြပ်တာတော့ အမှန်ပဲ ဖြစ်တယ်။ ဒါကို သိတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ၂၀၁၀ ကို အခြေပြုပြီး ဒီထက်ထပ်ပြီး ဖိအားပေးလာကြတော့မှာ အသေအချာပဲ ဖြစ်တယ်။

ဗိုလ်ချုပ်မှူးကြီးရဲ့အဖြေ
ကိုယ်တိုင်ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ မူဝါဒလမ်းစဉ်တွေနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ တရားဝင် ကိုယ်ပွားအစိုးရတစ်ရပ် ဖြစ်ပေါ်လာရေးဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအတွက် ပြင်စရာမလိုတဲ့ ရပ်တည်ချက်ပဲ ဖြစ်တယ်။ လက်ရှိနိုင်ငံတကာ ဖိအားတွေကို တွန်းလှန်ပြီး ကိုယ်သွားချင်တဲ့လမ်းမှာ မလိုက်ပါစေလိုသူများအတွက် နေရာမရှိအောင်လည်း အခြေခံဥပဒေ၊ တည်ဆဲဥပဒေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ကန့်သတ် ပိတ်ပင်ထားပြီး ဖြစ်လိမ့်မယ်။ ဒါပေမယ့် စီးပွားရေးအရ၊ နိုင်ငံရေးအရ ရေရှည်ရပ်တည်နိုင်ဖို့အတွက် ဗိုလ်ချုပ်မှူးကြီးရဲ့ အဖြေက တရုတ် ရင်းနှီးမြှုပ်နှံမှုအားနဲ့ နိုင်ငံစီးပွားရေးကို ကူးသန်းထားမယ်။ ဒီအခြေအနေမှာ အမေရိကန်အနေနဲ့ ဒေသတွင်း တရုတ်ပါဝါ ကြီးမိုးမှုနဲ့ စီးပွားရေးအရ လက်ဝါးကြီးအုပ်မှုကို ထိထိရောက်ရောက် ဟန့်တားချင်ရင် အခုအစိုးရကို လက်ရှိ တောင်းဆိုထားတဲ့ ဖိအားတွေ လျော့ချပြီး အသိအမှတ်ပြုပေးဖို့ လုပ်ပေးရမယ်။ မြန်မာအစိုးရကလည်း နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာတို့၊ ၂၀၁၀ ရွေးကောက်ပွဲကို ကမ္ဘာ့မီဒီယာတွေ အကန့်အသတ်နဲ့ ဝင်ခွင့်ပြုတာတို့လောက်တော့ အမေရိကန်နဲ့ EU ရဲ့ တောင်းဆိုမှုကို လိုက်လျောဖို့ ရှိတယ်လို့ ခန့်မှန်းရပါတယ်။
အားလုံးကိုပြန်ပြီး အနှစ်ချုပ်ကြည့်လိုက်ရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့အဖြေက ပြည်တွင်းပြည်ပ တောင်းဆိုမှု အမျိုးမျိုးနဲ့ နိုင်ငံတကာ ဖိအားပေးမှုများကို တရုတ်အားနဲ့ အဖြေရှာပြီး သူ့ရဲ့ထွက်ပေါက်အဖြစ် သတ်မှတ်လိုက်ပြီလို့ ဆိုရမယ်။ နိုင်ငံတကာက ဖိအားများလာလေလေ၊ တရုတ်ရင်းနှီးမြှုပ်နှံမှုနှင့် အကူအညီ တိုးမြှင့်ရယူပြီး ရပ်တည်သွားမှာ ဖြစ်တယ်ဆိုတာ ရှင်းရှင်းကြီးတွေ့နေရတယ်။
အဲ့သလိုဖြစ်ခဲ့ရင် ကျွန်တော်တို့ မြန်မာပြည်အနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ ကြီးကြီးမားမား ပေးဆပ်ရမှာတွေ ဖြစ်လာတော့မယ်။ နိုင်ငံရဲ့ အရင်းအမြစ်အားလုံးကို ကိုယ့်ရဲ့ ထွက်ပေါက်ရရှိရေးအတွက် သူခိုးဈေးရောင်းနည်းနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တရုတ်လက်ကို ရောင်းလိုက်ပြီလို့ ဆိုရမယ်။
ဒါတွေကို ဂရုမပြုမိပဲ တစ်ကွက်ကာတွန်းထဲကအတိုင်း ကျောက်ဂူထဲက အာဘောင်အာရင်းသန်သန်နဲ့ ဆွေးနွေးငြင်းခုံနေပြီး ကျွန်တော်တို့အချိန်ကုန်ခံကြမလား။ ဒါမှမဟုတ် ကျွန်တော်တို့ နိုင်ငံရေး အင်အားစုများရဲ့ လက်တွေ့ကျတဲ့ မဟာဗျူဟာ ချဉ်းကပ်မှုက ဘာလဲဆိုတာ မြန်မြန်ဆန်ဆန် စဉ်းစား အဖြေရှာရမှာ ဖြစ်တယ်။ အဲ့ဒါကိုမှ သတိမမူပဲ ဆက်ပြီး အာနေကြအုံးမယ်ဆိုရင်တော့ တရုတ်ကျွန်ဘဝကို တစ်မျိုးသားလုံး ရောက်ဖို့သာ ပြင်ထားပေတော့လို့ ပြောလိုက်ချင်တယ်။ ကျွန်တော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တကွက်ကာတွန်းထဲကအတိုင်း တရုတ်စီးပွားရေးနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မောင်းနှင်တဲ့ ရထားကြီးကတော့ စတင်ထွက်သွားပြီပေါ့။
ထူးထက်

No comments:

Post a Comment