Monday, January 18, 2010

“အဆင်သင့်ဖြစ်ပြီလား၊ ရထားထွက်ပြီ”

ဒီဆောင်းပါးကို ရေးဖို့ စဉ်းစားနေတုန်း ငယ်ငယ်က အဖေ့စာအုပ်စင်မှာ ဖတ်ဖူးတဲ့ နာမည် မမှတ်မိတော့တဲ့ အရှေ့အာရှ ကာတွန်း ဆရာတစ်ယောက်ရဲ့ တကွက်ကာတွန်းလေးကို ဖျတ်ကနဲ ပြေးမြင်မိတယ်။ အဲဒီတစ်ကွက် ကာတွန်းကနေ ပေးချင်တဲ့ Message က ကွန်မြူနစ်တွေ ကျောက်ဂူထဲမှာထိုင်ပြီး ဆွေးနွေး ငြင်းခုံကြချိန်မှာ အရင်းရှင်တွေက ဓာတ်ရထားကြီးစီးပြီး သူတို့ဘေးက အကျိုးစီးပွားရှာ ဖြတ်မောင်းသွားတဲ့ ကာတွန်းလေးပါ။ အာဘောင်အာရင်းသန်သန်နဲ့ ငြင်းခုံနေကြတဲ့ ကွန်မြူနစ်တွေ သိတောင်သိပုံမရဘူးဆိုတဲ့ အဓိပ္ပာယ်နဲ့ ကာတွန်းဆရာက ရေးဆွဲထားတာလို့ ကျွန်တော့်ကို အဖေက ရှင်းပြဖူးတယ်။
အခုလည်း မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေး၊ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ရွှေဂုံတိုင် ကြေညာချက် အစရှိသဖြင့် ကျွန်တော်တို့ နိုင်ငံရေးအင်အားစု အသီးသီးက သဘောထား ကြေညာချက်တွေ၊ ကန့်ကွက်မှုတွေနဲ့ ဆွေးနွေး ငြင်းခုံရင်း အချိန်ကုန်နေတုန်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နိုင်ငံတကာ ဖိအားနဲ့ ပြည်တွင်းတောင်းဆိုချက် အမျိုးမျိုးကို ဆွေမျိုးပေါက်ဖော် တရုတ်ပြည်ရဲ့ အားနဲ့ အကာအကွယ်ယူ အဖြေရှာလိုက်ပြီ ဖြစ်တယ်။ ကျွန်တော်တို့ နိုင်ငံရေး အင်အားစုတွေ အာဘောင်အာရင်းသန်နေချိန်မှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုအားကို ယူပြီး ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂါတ်လားရာကို တရုတ်ပြည်ဘက်ကို ဦးတည်ပြီး ရွေ့ခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ရွေးချယ်မှုကို ကျွန်တော်တို့ရဲ့ နိုင်ငံရေး အင်အားစုများ ထဲထဲဝင်ဝင် သတိပြုမိပုံမရဘူးလို့ ယူဆမိလို့ ဒီဆောင်းပါးကို ရေးဖြစ်ခဲ့တယ်။ သိခဲ့ရင်လည်း သာမန်အသိနဲ့တင် သိတာဖြစ်ပြီး ကျွန်တော်တို့ရဲ့ အနာဂါတ် ကံကြမ္မာဟာ ဆွေမျိုးပေါက်ဖော်တွေရဲ့ လက်ထဲရောက်တော့မယ်ဆိုတဲ့ အထိတော့ အလေးဂရု မပြုမိကြသေးဘူးလို့ ဆိုလိုချင်တာပါ။

တရုတ်ရဲ့ မဟာဗျူဟာ
ပြီးခဲ့တဲ့ရက်က တရုတ် အနာဂါတ် ခေါင်းဆောင် ဒုတိယ သမ္မတရဲ့ အာရှခရီးစဉ်မှာ မြန်မာပြည်ကိုလည်း ရောက်လာခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ နေပြည်တော်မှာတွေ့တော့ တရုတ် ဒုသမ္မတက မြန်မာပြည်အတွက် တရုတ်ကနေ ဒေါ်လာ ဘီလီယံ (၂၀၀) ချေးငွေပေးဖို့ ကမ်းလှမ်းတယ်။ ဒါကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၂၀၁၀ အလွန်ဖြစ်ပေါ်လာမယ့် အစိုးရကသာ စဉ်းစား ဆုံးဖြတ်လိမ့်မယ်လို့ ပြန်ပြောခဲ့ကြောင်း သိရတယ်။ ဒါကို လေ့လာကြည့်တဲ့အခါ မြန်မာနိုင်ငံကို ပထဝီနိုင်ငံရေးဘက်က ကြည့်ရင်ဖြစ်စေ၊ နိုင်ငံရေးနဲ့ ဘောဂဗေဒ အဆက်အစပ်က ကြည့်ရင်ဖြစ်စေ၊ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်ကပဲကြည့်ကြည့် တရုတ်အနေနဲ့ မြန်မာနိုင်ငံရဲ့ Liberalization နဲ့ Democratization ကို သူ့ရဲ့ National Interest နဲ့ ယှဉ်ပြီး အလေးထားတယ်။ မြန်မာနိုင်ငံကို ဖြတ်ပြီး တည်ဆောက်နေတဲ့ တရုတ်ရဲ့ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွေ၊ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ မြန်မာ့တွင်းထွက် သယံဇာတများအပေါ် ဝါးမျိုမှုလောက်ကိုသာ လက်ရှိနိုင်ငံရေးသမားနဲ့ မီဒီယာတွေက ပြောနေခြင်း ဖြစ်တယ်။ တကယ်တော့ တရုတ်ရဲ့ မဟာဗျူဟာက လက်ရှိရင်းနှီးမြှုပ်နှံမှုတွေအပြင် ချေးငွေဒေါ်လာ ဘီလီယံ (၂၀၀) ထုတ်ချေးပြီး စီးပွားရေးအရ နယ်ချဲ့ကိုလိုနီ လက်သစ်လုပ်ဖို့ စိုင်းပြင်းနေပြီဆိုတာပဲ ဖြစ်တယ်။ နိုင်ငံရေးအရ ပိတ်မိနေတဲ့ လက်ရှိအစိုးရအပေါ် ချေးငွေအကူအညီတွေပေးပြီး အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အတိုက်အခံတွေရဲ့ ဖိအားပေး တောင်းဆိုမှုကို ထွက်ပေါက်ရအောင် ရပ်တည်ပေးမယ်။ အဲဒီကမှ တဆင့် စီးပွားရေးအရ ဝါးမျိုပြီး နိုင်ငံတစ်ခုလုံးကို Chinese – lization လုပ်ငန်းပဲ ဖြစ်တယ်။ ချေးငွေဆိုတာ IMF ၊ World Bank ကပဲချေးချေး၊ တရုတ်ဆီကပဲချေးချေး အဲဒီချေးငွေရဲ့နောက်ကွယ်မှာ နှောင်ကြိုးတွေနဲ့ လိုက်နာရမယ့် နည်းလမ်းတွေ အမြဲပါလေ့ရှိတယ်။ တရုတ်ချေးငွေရဲ့ နောက်ကွယ်နှောင်ကြိုးက သူလိုချင်တဲ့ စီးပွားရေး အခွင့်အလမ်းတွေကို တစ်ခုပြီးတစ်ခု ဖွင့်ပေးရမယ်ဆိုတာပဲ ဖြစ်တယ်။

နိုင်ငံတကာရဲ့ဖိအား
လက်ရှိမြန်မာ့အရေးမှာ အမေရိကန် ၊ UN ၊ ဥရောပသမဂ္ဂ နှင့် အာဆီယံဆိုပြီး ရပ်တည်ချက် အမျိုးမျိုးနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ တရားမျှတမှုရှိရေး၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးတွေ တွေ့ဆုံဆွေးနွေးရေး အစရှိသဖြင့် လက်ရှိအစိုးရကို ဖိအားမျိုးစုံနဲ့ ဝိုင်းဝန်းတောင်းဆိုနေကြတယ်။ အဲဒီအထဲမှာ အမေရိကန် အစိုးရရဲ့ ချဉ်းကပ်မှုပုံစံအသစ်ကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ လက်ရှိအစိုးရအတွက် အထူးစိတ်လှုပ်ရှားဖွယ် ဖြစ်ခဲ့သလို ကိုယ့်အစီအစဉ်အတိုင်း အလျော့ပေးလို့မရတဲ့ အခြေအနေနဲ့ ဘေးကျပ်နံကျပ် ဖြစ်လာနေတာ တွေ့ရတယ်။ အိမ်နီးချင်းတွေနဲ့ အာဆီယံက အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုများရှိသော်လည်း နိုင်ငံတကာ အသိုင်းအဝန်းရဲ့ လိုလားမှုထက် ဒေသတွင်း တည်ငြိမ်ရေးကိုသာ ဦးစားပေးကျင့်သုံးနေကြတာ တွေ့ရတယ်။ ဒီအချိန်မှာ အမေရိကန်က လက်ရှိမြန်မာအစိုးရရဲ့ ဆက်ဆံရေး တိုးတက်မှု မရှိခဲ့ရင် မြန်မာနဲ့ အဆက်အသွယ်လုပ်ထားတဲ့ စင်္ကာပူက ADB Bank Account တွေကို ဖွင့်ခွင့်မပေးတော့ပဲ စတင်ပိတ်ပင်လိုက်ခြင်းနှင့် သူ့ရဲ့ရပ်တည်ချက်ကို ပြသလိုက်တယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ လက်ရှိမြန်မာအစိုးရဟာ အခုလို နိုင်ငံတကာ ဖိအားတွေကြောင့် အသက်ရှူကြပ်တာတော့ အမှန်ပဲ ဖြစ်တယ်။ ဒါကို သိတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ၂၀၁၀ ကို အခြေပြုပြီး ဒီထက်ထပ်ပြီး ဖိအားပေးလာကြတော့မှာ အသေအချာပဲ ဖြစ်တယ်။

ဗိုလ်ချုပ်မှူးကြီးရဲ့အဖြေ
ကိုယ်တိုင်ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ မူဝါဒလမ်းစဉ်တွေနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ တရားဝင် ကိုယ်ပွားအစိုးရတစ်ရပ် ဖြစ်ပေါ်လာရေးဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအတွက် ပြင်စရာမလိုတဲ့ ရပ်တည်ချက်ပဲ ဖြစ်တယ်။ လက်ရှိနိုင်ငံတကာ ဖိအားတွေကို တွန်းလှန်ပြီး ကိုယ်သွားချင်တဲ့လမ်းမှာ မလိုက်ပါစေလိုသူများအတွက် နေရာမရှိအောင်လည်း အခြေခံဥပဒေ၊ တည်ဆဲဥပဒေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ကန့်သတ် ပိတ်ပင်ထားပြီး ဖြစ်လိမ့်မယ်။ ဒါပေမယ့် စီးပွားရေးအရ၊ နိုင်ငံရေးအရ ရေရှည်ရပ်တည်နိုင်ဖို့အတွက် ဗိုလ်ချုပ်မှူးကြီးရဲ့ အဖြေက တရုတ် ရင်းနှီးမြှုပ်နှံမှုအားနဲ့ နိုင်ငံစီးပွားရေးကို ကူးသန်းထားမယ်။ ဒီအခြေအနေမှာ အမေရိကန်အနေနဲ့ ဒေသတွင်း တရုတ်ပါဝါ ကြီးမိုးမှုနဲ့ စီးပွားရေးအရ လက်ဝါးကြီးအုပ်မှုကို ထိထိရောက်ရောက် ဟန့်တားချင်ရင် အခုအစိုးရကို လက်ရှိ တောင်းဆိုထားတဲ့ ဖိအားတွေ လျော့ချပြီး အသိအမှတ်ပြုပေးဖို့ လုပ်ပေးရမယ်။ မြန်မာအစိုးရကလည်း နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာတို့၊ ၂၀၁၀ ရွေးကောက်ပွဲကို ကမ္ဘာ့မီဒီယာတွေ အကန့်အသတ်နဲ့ ဝင်ခွင့်ပြုတာတို့လောက်တော့ အမေရိကန်နဲ့ EU ရဲ့ တောင်းဆိုမှုကို လိုက်လျောဖို့ ရှိတယ်လို့ ခန့်မှန်းရပါတယ်။
အားလုံးကိုပြန်ပြီး အနှစ်ချုပ်ကြည့်လိုက်ရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့အဖြေက ပြည်တွင်းပြည်ပ တောင်းဆိုမှု အမျိုးမျိုးနဲ့ နိုင်ငံတကာ ဖိအားပေးမှုများကို တရုတ်အားနဲ့ အဖြေရှာပြီး သူ့ရဲ့ထွက်ပေါက်အဖြစ် သတ်မှတ်လိုက်ပြီလို့ ဆိုရမယ်။ နိုင်ငံတကာက ဖိအားများလာလေလေ၊ တရုတ်ရင်းနှီးမြှုပ်နှံမှုနှင့် အကူအညီ တိုးမြှင့်ရယူပြီး ရပ်တည်သွားမှာ ဖြစ်တယ်ဆိုတာ ရှင်းရှင်းကြီးတွေ့နေရတယ်။
အဲ့သလိုဖြစ်ခဲ့ရင် ကျွန်တော်တို့ မြန်မာပြည်အနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ ကြီးကြီးမားမား ပေးဆပ်ရမှာတွေ ဖြစ်လာတော့မယ်။ နိုင်ငံရဲ့ အရင်းအမြစ်အားလုံးကို ကိုယ့်ရဲ့ ထွက်ပေါက်ရရှိရေးအတွက် သူခိုးဈေးရောင်းနည်းနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တရုတ်လက်ကို ရောင်းလိုက်ပြီလို့ ဆိုရမယ်။
ဒါတွေကို ဂရုမပြုမိပဲ တစ်ကွက်ကာတွန်းထဲကအတိုင်း ကျောက်ဂူထဲက အာဘောင်အာရင်းသန်သန်နဲ့ ဆွေးနွေးငြင်းခုံနေပြီး ကျွန်တော်တို့အချိန်ကုန်ခံကြမလား။ ဒါမှမဟုတ် ကျွန်တော်တို့ နိုင်ငံရေး အင်အားစုများရဲ့ လက်တွေ့ကျတဲ့ မဟာဗျူဟာ ချဉ်းကပ်မှုက ဘာလဲဆိုတာ မြန်မြန်ဆန်ဆန် စဉ်းစား အဖြေရှာရမှာ ဖြစ်တယ်။ အဲ့ဒါကိုမှ သတိမမူပဲ ဆက်ပြီး အာနေကြအုံးမယ်ဆိုရင်တော့ တရုတ်ကျွန်ဘဝကို တစ်မျိုးသားလုံး ရောက်ဖို့သာ ပြင်ထားပေတော့လို့ ပြောလိုက်ချင်တယ်။ ကျွန်တော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တကွက်ကာတွန်းထဲကအတိုင်း တရုတ်စီးပွားရေးနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မောင်းနှင်တဲ့ ရထားကြီးကတော့ စတင်ထွက်သွားပြီပေါ့။
ထူးထက်

Friday, January 8, 2010

ရယ်စရာကြီးတွေ

နိုင်ငံရေးဆိုတာ ရယ်စရာတော့ ကောင်းသားလားဗျ။ အခုဆိုရင် အင်တာနက်က အလွယ်တကူ ဖြစ်နေတော့ သတင်းတွေက စုံမှစုံပါဘဲ။ ဒါပေမယ့် ကန်တော့ပါရဲ့။ သောက်တလွဲတွေ ကလဲ အများကြီးဘဲ။ တပ်မကြီး (၂) ခု ပုန်ကန်သလိုလို သတင်းမျိုးတောင် ရေးလားရေးရဲ့။
ဒါပေမယ့် ဖြစ်နေတဲ့ အခြေအနေမှန်က တကယ်ပဲ ရယ်စရာကောင်းတယ်။ ဒီမိုကရေစီ အမည်ခံ မီဒီယာတွေက ရေးနေကြတာတွေကို ဗိုလ်ချုပ်မှူးကြီးက လုံးဝမသိဘူး။ ဂရုလည်း မစိုက်ဘူး။ ဒါပေမယ့် သူ့အောက်က ဗိုလ်ချုပ်တွေကတော့ အင်တာနက် ဆိုတာကို သေမလောက် ကြောက်တယ်။ သူတို့ မတရားလုပ်နေတာတွေ စားနေသောက်နေတာတွေကို ဖော်ထုတ်လိုက်ရင် အရေးယူတာတွေကို ဗိုလ်ချုပ်မှူးကြီးရဲ့ အောက်အဆင့်က စလုပ်လာနေလို့ပါဘဲ။
ပြောချင်တာက တခြားမဟုတ်ပါဘူး။ ဒီမိုကရေစီရေးလို့ ပြောရင် ဒီမိုကရေစီ မီဒီယာတွေ ပြောနေတာတွေ မင်းတရားကြီးဆီက မရောက်လို့ ဖိအားပေးတာတွေ၊ ချိန်းခြောက်တာတွေ အရာမရောက်ပေမယ့် ပြည်သူလူထုကို ညှင်းပန်းနှိပ်စက်၊ မတရားလုပ်နေတာတွေကိုတော့ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးသမားတွေလို စပြီးစဉ်းစားလာနေတဲ့ မင်းတရားကြီး အောက်အဆင့်က အရေးယူ ဆောင်ရွက်မှုတွေကို ထိရောက်အောင် ဝိုင်းလုပ်ပေးလို့ ရလာပြီးဆိုတာကို ပြောချင်တာပါ။ ဟိုရေပေါ်ဆီတွေ ပြောပြောနေတဲ့ Good Governance ဆိုတာမျိုးပေါ့။ အခု အင်တာနက်မှာ အရေးခံရလို့ကတော့ အဲဒီအရာရှိ အဲဒီဌာန ပြဿနာတက်ပြီသာမှတ်လို့ ညွှန်ချုပ်ကြီး တစ်ယောက်က ပြောတယ်။
ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးပါ။ အကျဉ်းသားတွေ လွှတ်ပေးပါ။ ရွေးကောက်ပွဲ ဥပဒေ ထွက်ပါတော့။ ရွေးကောက်ပွဲမှာ အားလုံး ပါဝင်နိုင်ပါစေ။ အဲဒါတွေ ပြောနေတာတွေဟာ ဘယ်မှမရောက်ဘူးဆိုတာ ဒီမိုကရေစီ မီဒီယာတွေ သိစေချင်တယ်။ မင်းတရားကြီးကို ဘယ်သူမှ မပြောရဲဘူး။ သူလဲမဖတ်ဘူး။ နောက်ပြီး ဒီမိုကရေစီပေးဖို့လဲ ဘယ်တုန်းကမှ အစီအစဉ် မရှိဘူး။ ရွေးကောက်ပွဲ လုံလောက်တဲ့ အချိန်ရဖို့၊ မဲဆွယ်ဖို့အတွက် လုံလောက်တဲ့ အချိန်ရဖို့ ဆိုတာတွေကို မျှော်လင့်ရင် မျှော်လင့်တဲ့လူ အရူးဘဲ။ အဲဒါတွေ ဘာကြောင့်ပေးရမှာလဲ။ လောင်စာဆီ ဈေးတက်တာတောင် ခြုံခိုတိုက်သလို အငိုက်ဆော်တဲ့ လူကြီးဟာ ရွေးကောက်ပွဲကိုလည်း ခြုံခိုတိုက်မှာပဲပေါ့။
ဒါပေမယ့် ရွေးကောက်ပွဲ ဝင်ကြမယ်။ နအဖ ပါတီဝင်တွေဟာ အားလုံးလိုလို ခြစားသူတွေ ရှိနေတာဖြစ်လို့ အဲဒါတွေကို ဒီမိုကရေစီ မီဒီယာတွေက ဖော်ထုတ်ရင် လူသန့်သွားလိမ့်မယ်။ ဒါမျိုးကို ဒီမိုမီဒီယာတွေက လုပ်ရမှာ။
တခါ နအဖရဲ့ တိုင်းမှူး ဝန်ကြီး စတဲ့ လူပေါတွေရဲ့ လုပ်ရပ်တွေကို ကြည့်ပြီး ဒီမို မီဒီယာတွေက ခန့်မှန်းမှုတွေ လုပ်နေတာတွေ ရှိတယ်။ ကချင်တိုင်းမှူးက KIO ကို မနောပွဲ တက်ရင် ယူနီဖောင်း မဝတ်ရဘူးလို့ တားတယ်။ ဒါ့ကြောင့် KIO ကို စစ်တပ်က တိုက်တော့မှာလို့ အဓိပ္ပာယ်ကောက်တာမျိုးပေါ့။
တိုင်းမှူး ဝန်ကြီးတွေကို မင်းတရားကြီး ခိုင်းတာတွေ ရှိပါတယ်။ ဒါပေမယ့် နည်းနည်းလေးပါ။ အချို့တိုင်းသူတွေဆိုရင် မင်းတရားကြီးကို သေချာစကားပြောဖူးတာ မဟုတ်ဘူး။ ပြီးတော့ မင်းတရားကြီးက ကိစ္စတစ်ခုကို တိုင်းမှူးတပါးကို ညွှန်ကြားချက်တစ်ခုပေးပြီး သက်ဆိုင်ရာဝန်ကြီးကို ပြောင်းပြန် ညွှန်ကြားတာတွေလည်း လုပ်သေးတာ။
ဒီတော့ ဝန်ကြီး တိုင်းမှူးတွေ ဘာလုပ်နေတာလဲ မေးရင် ဗိုလ်ချုပ်မှူးကြီး ကြိုက်မယ် ထင်တာတွေ ဥာဏ်ရှိသလို လျှောက်လုပ်နေတာလို့ ပြောရမယ်။ အမြီးအမောက် တည့်သွားတာတွေ ရှိသလို၊ မတည့်တာတွေလည်း ရှိတယ်။ ဒါတွေဟာ မူတွေဖြစ်ပါတယ်လို့ သွားပြီး ကောက်ယူရင် ခန့်မှန်းချက် အားလုံးလွှဲတော့မယ်။ အဲဒါတွေ အားလုံးဟာ Local Rule တွေ ဖြစ်ကုန်တာ မှန်ပါတယ်။ ဒါပေမယ့် နိုင်ငံတော်ရဲ့ ရှေ့ရေးကို အဲဒါတွေကြည့်ပြီး ဆုံးဖြတ်လို့ မရဘူးဆိုတာ ပြောချင်တာပါ။ အခုပဲ ဝန်ကြီး ဦးအောင်သောင်း လိုလူရဲ့ လုပ်ရပ်တွေကို ဗိုလ်ချုပ်မှူးကြီး လက်မခံတော့ဘူးဆိုတာ ဖြစ်နေပြီ။ အောင်သောင်း လုပ်ခဲ့တာတွေ ကြည့်ပြီး ခန့်မှန်းရင် လွဲပြီပေါ့။
ဒါမျိုးတွေကို အမေရိကန်တွေလည်း လုပ်ပါတယ်။ အခုပဲ ရွေးကောက်ပွဲဟာ အားရစရာမရှိလို့ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောနေတယ်။ ဗြိတိသျှ ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ဆီကို စာတွေပို့တယ်။ ဒီမိုကရေစီ မီဒီယာတွေက အားရဝမ်းသာ ဖော်ပြကြတယ်။ မင်းတရားကြီးက အဲဒါတွေကို မကြားဘူး။ ပြောတဲ့သူတွေကလဲ မင်းတရားကြီးကို မရည်ရွယ်ဘူး။ သူတို့ရဲ့ မဲဆန္ဒရှင်တွေကို ရည်ရွယ်ပြီး ပြောနေတာ။ ဗိုလ်ချုပ် တိုင်းမှူး ဝန်ကြီးများ ဗိုလ်ချုပ်မှူးကြီးအတွက် နေ့စဉ် TV သတင်းစာတွေမှာ သရုပ်ဆောင် ပြကြတာမျိုးနဲ့ အတူတူပါဘဲ။
ကိုင်း စဉ်းစားသာ ကြည့်ကြပေတော့ဗျာ။ တကယ် အလုပ်လုပ်နေကြတာထက် ကိုယ်ကျိုး စီးပွားလုပ်နေတဲ့ လူတွေရဲ့ အပြောအဆို အပြုအမူတွေကို အဟုတ်မှတ်ပြီး ရူးနေကြတာ။

ဥပဒေဆိုတာ

ပြီးခဲ့တဲ့ အပတ်က The Voice Journal မှာ ဆောင်းပါးရှင် အောင်ထွဋ်က မြန်မာနိုင်ငံမှာ check and balance မရှိလို့ ဥပဒေအရ ပေးအပ်ထားတဲ့ စီးပွားရေး အခွင့်အရေးတွေ မရနိုင် ဖြစ်နေပါတယ်။ အခြေခံ ဥပဒေသစ်အရ အဲဒီ အရာတွေ ဖြစ်နိုင်ခြေ ရှိသွားပါပြီလို့ ရေးထားပါတယ်။ ဆောင်းပါးရှင် အနေနဲ့ ဖြစ်နိုင်ခြေကို သံသယရှိပုံရ လို့ theorictallyဖြစ်နိုင်ခြေ ရှိတယ် လို့တော့ ရေးထားပါတယ်။
မြန်မာပြည်ရဲ့ ပြဿနာက အဲဒါပါပဲ။ ဥပဒေက ပေးထားပေးပြီး မရ ဆိုတာတွေဟာ excessive executive power လို့ ခေါ်တဲ့ အုပ်ချုပ်ရေး အာဏာမှာ အလွန်အကျွံ အာဏာတွေ ရောက်နေတဲ့ ကိစ္စပါ။ ဒီကိစ္စဟာ အစိုးရ အဖွဲ့မှာသာ အရိုးစွဲနေတာ မဟုတ်ဘဲ သူရဲ့ အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံးမှာ အရိုးစွဲနေတာ ဖြစ်တယ်။ အခြေခံ ဥပဒေသစ်နဲ့ သူ့ရဲ့ ရလဒ်တွေ အပေါ်မှာ ကျွန်တော်တို့ အယုံအကြည် မရှိတာဟာ အဲဒီ အုပ်ချုပ်ရေး အာဏာရဲ့ အလွန်အကျွံ ဖြစ်နေတဲ့ အာဏာ ကြောင့် ဖြစ်တယ်။
မြန်မာ ပြည်သူတွေဟာ သူတို့ကို ဥပဒေက ဘယ်လို ရနိုင်ခွင့်တွေ ပေးထားတယ် ဆိုတာ မသိပါဘူး။ ဒီကနေ့ ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လီမိတက် လို့ ခေါ်တဲ့ တပ်ပိုင် ကုမ္ပဏီကြီးက မိုနိုပိုလီ လုပ်ပြီး သွင်းစားနေတဲ့ စားအုန်းဆီ၊ မော်တော်ယာဉ် စတဲ့ သွင်းကုန်တွေကို မြန်မာ ပုဂ္ဂလိက ကုမ္ပဏီများ တင်သွင်းခွင့် မရှိဘူးလို့ ဘယ်ဥပဒေကမှ တားဆီးထားတာ မဟုတ်ပါ။ ဒါပေမဲ့ ကုန်သွယ်ရေး ဦးစီးဌာနက သူ့သဘောနဲ့သူ ဘယ်သူ့ကိုမှ လိုင်စင်မပေးဘူး။ ဦးပိုင် ဆိုတဲ့ ကုမ္ပဏီကြီးဟာ ကားဝယ်စီးတဲ့ ပြည်သူတွေရဲ့ ချွေးနှဲစာတွေကို အလွန်အကျွံ ဈေးတင် ထားခြင်းဖြင့် အမြတ် ထုတ်နေတဲ့ ကုမ္ပဏီကြီး ဖြစ်နေ ကြောင်း ဗိုလ်ချုပ်တွေ မသိပါဘူး။ အခုဆိုရင် ဗိုလ်ချုပ်ကြီးတွေရဲ့စိတ်ထဲမှာ၊ ပြည်သူတွေရဲ့စိတ်ထဲမှာ ကားပါမစ် ဆိုတာဟာ
အခွန် ဆောင်ထားတဲ့ နိုင်ငံခြားငွေ လက်ဝယ် ရှိသူတိုင်း တင်သွင်းနိုင်တဲ့ ပစ္စည်းအဖြစ် ဥပဒေက သတ်မှတ် ထားတာကို လုံးဝ
မေ့သွားကြပါပြီ။
ဥပဒေက ပေးအပ်တဲ့ ကိစ္စကို နည်းဥပဒေ သို့မဟုတ် လုပ်ထုံးလုပ်နည်းနဲ့ ပြန်ပြီး ပိတ်ထားမယ် ဆိုတာဟာ နည်းဥပဒေ က ဥပဒေအထက်မှာ သွားနေတဲ့ သဘော ဖြစ်နေတယ်။ ဒီလိုသာဆိုရင် အခြေခံ ဥပဒေသစ်အရ လွှတ်တော်တွေက ဥပဒေ ပြုတဲ့ ကိစ္စဟာ သုံးစားလို့ မရတဲ့ ဥပဒေတွေပဲ ဖြစ်တော့မှာပေါ့။ လွှတ်တော်တွေက ဥပဒေပြု ၊ အုပ်ချုပ်ရေး အာဏာက အဲဒါတွေကို ဘေးချိတ်ပြီး နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းတွေနဲ့ ပြန်ပိတ်ပြီး လုပ်စားနေကြတာကို ပြန်ဖြည်ဖို့ ဆိုတာ နောက်အာဏာရှင် တစ်ဦးကပဲ လုပ်နိုင်ပါလိမ့်မယ်။ လွှတ်တော် များက လုပ် နိုင်မယ် မထင်ပါဘူး။
အာမခံ လုပ်ငန်း ဥပဒေကိုလည်း ကြည့်ပါဦး။ ပုဂ္ဂလိက အာမခံ လုပ်ငန်းတွေအတွက် ဥပဒေ ထွက်ထားတာ ၂၀၀၆ ခုနှစ် လောက်ကတည်းက ထွက်ထားတာပါ။ ဒီနေ့အထိ ဘယ်ပုဂ္ဂလိကကိုမှ အာမခံ လုပ်ငန်း လိုင်စင် ခွင့်မပြုဘူး။ ကုမ္ပဏီမှတ်ပုံ
တင်တဲ့ ကိစ္စလည်း ဒီအတိုင်းပဲ။ ဥပဒေအရ လူတိုင်း ကုမ္ပဏီထောင်ခွင့် ရှိတယ်။ အဲဒါကို ဦးစိုးသာတို့လို ၀န်ကြီးတစ်ပါးက နိုင်ငံရေး ကင်းရှင်းကြောင်း ပြည်ထဲရေး ထောက်ခံချက် လိုတယ်လို့ လုပ်ထုံး လုပ်နည်း ထည့်လိုက်တယ်။ ဥပဒေက နိုင်ငံရေး လုပ်တဲ့လူ စီးပွားရေး လုပ်ခွင့် မပိတ်သော်လည်းပဲ နည်းဥပဒေက ပိတ်ထားတယ်။
အခြေခံ ဥပဒေသစ် အရ ပေါ်လာတဲ့ အစိုးရအဖွဲ့က စစ်အစိုးရရဲ့ အနွယ်တော်တွေ ဖြစ်မယ်ဆိုတာ လူတိုင်းသိပါတယ်။ သမ္မတ ဦးရွှေမန်း၊ ဒုတိယသမ္မတ ဦးတင်အောင် မြင့်ဦး လို့တောင် ပြောနေကြပြီ။ ဒီလိုဆိုရင် အဲဒီ အစိုးရဟာ လွှတ်တော်တွေက ပြုလိုက်တဲ့ ဥပဒေတွေရဲ့ အထက်မှာ သွားနေ မှာ သေချာနေပါတယ်။ ဥပဒေက ပေးကားပေး၏ မရ ဖြစ်ဦးမှာ သေချာနေတယ်။ အဲဒီလို နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း တွေက ဥပဒေ အထက်မှာ နေတဲ့ သဘော သက်ရောက်တဲ့ သဘောတရားကို ဗိုလ်ချုပ်တွေ သဘောပေါက်ဖို့ ဆိုတာက လည်း မလွယ်ပါဘူး။
နောက်တစ်ခု ကတော့ လွှတ်တော်များရဲ့ ဥပဒေပြုတဲ့ ကိစ္စပါ။ လွှတ်တော်တွေကို နိုင်ငံတကာမှာလို တက်ကြွတဲ့ နေ့တိုင်း ရုံးတက် အလုပ်လုပ်တဲ့ လွှတ်တော်တွေ ဖြစ်ဖို့ ဗိုလ်ချုပ်ကြီးများမှာ ရည်ရွယ်ချက် မရှိပါဘူး။ လွှတ်တော်ဆိုတာ သူတို့ အတွက် ဦးရွှေမန်း သမ္မတ တင်မြှောက်ဖို့ လှေကားထစ်တစ်ခု အဖြစ်သာ သုံးချင်တာပါ။ ဒါကြောင့် လွှတ်တော်တွေက ဥပဒေပြုဖို့ လုံလောက်တဲ့ တွေ့ဆုံမှု ဖြစ်မှာ မဟုတ်ပါဘူး။ လွှတ်တော် တစ်ခုချင်းစီကို လွှတ်တော် ဥက္ကဋ္ဌတွေကပဲ ခေါ်လို့ရတယ်။ ဒီတော့
လွှတ်တော် ဥက္ကဋ္ဌ နှစ်ယောက်ကို စစ်တပ်က ကိုင်ထားရင် လွှတ်တော်ခေါ်စရာ မလိုတော့ဘူး။ သူတို့ စစ်တပ်က ရေးထားတဲ့ ဥပဒေရှိရင် အဲဒါ အတည်ပြုဖို့ ခေါ်မယ်။ ဒါပဲ။
လွှတ်တော် နှစ်ရပ်ပေါင်းရဲ့ ၂၅ ရာခိုင်နှုန်း လက်မှတ်ထိုးရင် ပြည်ထောင်စု လွှတ်တော် ခေါ်လို့ ရတာလေး တစ်ခုတော့ ပါပါရဲ့။ ဒီတော့ လက်မှတ် ၁၆၆ ခုကို စုပြီး ရက်စွဲပေါင်း ၃၆၅ ခုနဲ့ လွှတ်တော်ခေါ်ဖို့ တစ်စုံတစ်ယောက်က ၀ီရိယ မစိုက်ရင် လွှတ်တော်ဆိုတာ ဘေးထိုင်ဘုပြော မှတ်တမ်းသာ တင်တဲ့ အမျိုးသား ညီလာခံ ဖြစ်တော့မှာပါ။ ကြံ့ခိုင်ရေး ဗိုလ်ချုပ်တစ်ဦးက
ဆရာဝန်ကြီး တစ်ယောက်ကို သူတို့ပါတီကနေ အရွေးခံဖို့ ဆွယ်တယ်။ ဆရာဝန်ကြီး က မအားဘူး ပြောလိုက်တယ်။ ဒီတော့ ဘာပြန်ပြောလဲ ဆိုတော့ တစ်နှစ်တစ်ခါ ခဏလောက်ပဲ အစည်းအဝေး တက်ရ တဲ့ကိစ္စ ဖြစ်လို့ ၀င်ပါ ပေးပါ လို့ ဆိုတယ်။
ကြည့်ပါဦးဗျာ။ သုံးစားလို့ မရတဲ့ လွှတ်တော်ဆိုတာ အခုကတည်းက ပေါ်လွင်နေပါပြီ။

The Voice ဆောင်းပါးရှင် အောင်ထွဋ်ကို ပြောချင်ပါတယ်။ ခင်ဗျား အကောင်းမြင် နေတာတွေဟာ ဗိုလ်ချုပ် ကြီးသန်းရွှေ မသေသရွေ့ ဘာမှ မဖြစ်နိုင်ဘူး ဆိုတာပါပဲ။

သာဒင်